မိအေးနှစ်ခါနာ

"မိအေးနှစ်ခါနာဖြစ်မယ်။ မိအေးနှစ်ခါနာဖြစ်မယ်။" ဆိုပြီးလူကြီးတွေ ဆုံးမတဲ့ စကားပုံလေးရဲ့ ဇတ်လမ်းလေးပါ။

တောရွာလေးတစ်ရွာမှာ လယ်သမားမိသားစုက မွေးဖွားလာတဲ့ မိအေးဆိုတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်တဲ့။ မိဘကတော့ စာတက်ပေတက် ဖြစ်စေချင်လို့ ကျောင်းထားပေးထားပေမယ့် မိအေးကတော့ စာကို စိတ်မဝင်စားပါဘူး။ ကြိုးလဲ မကြိုးစားဘူးပေါ့။ ဒီလိုနဲ့ပဲ တစ်တန်းကို နှစ် နှစ်၊ သုံးနှစ် နှုန်းနဲ့ နေနေလိုက်တာ ငါးတန်းလည်း ရောက်ရော မိအေးတစ်ယောက် တစ်ဆယ့်ငါးနှစ် အရွယ်ရောက်လို့အပျိုကြီးဖားဖား ဖြစ်နေပါပြီ။ အတန်းတူတွေနဲ့ အသက်အများကြီး ကွာနေတဲ့ မိအေးဟာ ကျောင်းနေရတာကို ရှက်ပြီး ကျောင်းမနေချင်တော့ဘူးပေါ့။ အချို့ရွယ်တူတွေကလည်း ရည်းစားတွေဘာတွေနဲ့မို့ မိအေးလည်း စိတ်ကစားပြီး ရည်းစားလိုချင် လာပါတယ်။

ဒါနဲ့ပဲ ရည်းစားတစ်ယောက်ရလာပြီး မကြာခင်မှာပဲ ခိုးရာလိုက်ပြေး ကြလေသတည်းပေါ့။ အိမ်ထောင်သာကျသွားရော မိအေးဟာ ထမင်းအိုးတလုံး တည်တာကလွဲလို ဘာမှ မချက်တက် မပြုတ်တက်ဘူးလေ။ ကောက်စိုက် ပျိုးနှုတ် လယ်အလုပ်ကြတော့လည်း ကျောင်းသားဆိုပြီး ရေသာခိုလာတဲ့အတွက် ရွယ်တူတွေလို မတက်ဖူးပေါ့။ ကြာတော့ ယောက်ျားက လယ်အလုပ်လဲဝိုင်းမကူ ထမင်းဟင်းလည်း ကောင်းကောင်းမချက်တတ်တဲ့ မိအေးကိုဆူတော့တာပေါ့။

တနေ့ငါးသည်လာတော့ မိအေးလည်း ငါးစမ်းချက်ကြည့်မယ် လို့စိတ်ကူးရတယ်။ ငါးဟင်းချက်နည်းက ငါးသည်ကိုမေးမယ်ပေါ့။ ဒါနဲ့ ငါးသည်ကိုခေါ် ငါးဝယ်ပြီး ငါးဟင်းချက်နည်း မေးတာပေါ့။ ငါးသည်က ငါးကိုအကြေးခွံထိုး ရေယက်ခုက် ပြီးချက်လို့ပြောတာပေါ့။ မိအေးလည်း ငါးကို အဲဒီအတိုင်းလုပ်ပြီး သေချာချက်တာပေါ့။ စိတ်ထဲမှာလဲ ငါ့ကို နေ့တိုင်းဆူတဲ့ယောက်ျား ဒီတခါတော့ ဒင်းမဆူနိုင်တော့ဘူး ဆိုပြီးကြုံးဝါးနေတာပေါ့။

ယောက်ျားပြန်လာတဲ့အခါ မိအေးက ငါးဟင်းချက်တယ် လည်းဆိုရော ရေမိုးချိုးပြီး ထမင်းဝိုင်းကူပြင်ရင်း မိန်းမကို ချီးကျူးနေတာပေါ့။ ထမင်းစားလို့ ငါးဟင်းစားကြည့်တဲ့အခါ ငါးဟင်းက စားမရအောင်ကို ညှီပြီးခါးနေတာပေါ့။ယောက်ျားက "မိအေး နင့်ငါးက ညှီပြီးခါးလှချည်လား? ဘယ်လိုချက်တုန်း" ဆိုတော့ မိအေးက "ငါးသည်ကိုမေးပြီးချက်တာ"လို့ဖြေပြီး ချက်နည်းပြောပြသတဲ့။ အဲဒီတော့မှ ယောက်ျားက သေချာကြည့်တဲ့အခါ မိအေးက ငါးဗိုက်ကို မခွဲထားတာ တွေ့သတဲ့။ "မိအေး ငါးဆိုတာ ဗိုက်ခွဲချီးအိမ်ထုတ် ရတယ်။ ဒီလောက်တောင် နင်မသိဘူးလားဆိုပြီး" ဗိုက်ကဆာ စိတ်ကတိုနဲ့ ထရိုက်ပါလေရော။

နောက်နေ့ မိအေးလည်းဘာဟင်းချက်တာ လွယ်တုန်းဆိုပြီး ဘေးအိမ် မေးသတဲ့။ ဘေးအိမ်က ဘဲဥချက်။ ပြုပ်အခွံနွှာပြီး ချက်ရုံပဲလို့ အကြံပေးတယ်။ မိအေးလည်း ဘဲဥ ပြုပ်ပြီး အခွံနွှာတဲ့အခါ ဘဲဥလုံးလုံးလေးကိုကြည့်ရင်း ငါးဗိုက်ဖောင်းဖောင်းလေးကို သတိရပြီး ဒါလည်းဗိုက်ခွဲ ချီးအိမ်ထုတ်ရမှာပဲ ဆိုပြီး အလယ်ကအနှစ်တွေ ထုတ်ပစ်ပြီး ချက်ထားသတဲ့။ ယောက်ျားပြန်လာပြီး ထမင်းစားတဲ့အခါ ဘဲဥအနှစ်မတွေ့လို့ မေးတော့ ဥာဏ်ကြီးရှင်မိအေးက "ရှင်ပြောတဲ့အတိုင်း ဗိုက်ခွဲချီးအိမ်ထုတ်လုပ်ထားတယ်" လို့ဖြေတာပေါ့။ ယောက်ျားလည်း "ဟင်!ဒီလောက်တောင် အသုံးမကျမိန်းမ၊ ဘဲဥကိုချီးထုတ်ရသလား" ဆိုပြီးပိုရိုက်တော့တာပေါ့။

ဒါကြောင့် လူကြီးတွေက မိန်းကလေးတွေကို "အိမ်မှုကိစ္စတတ်အောင်သင်။ တော်ကြာယောက်ျားရမှ မိအေးနှစ်ခါနာဖြစ်နေမယ်။" ဆိုပြီးဆုံးမကြတာပါ။

5 comments:

Unknown said...

နှစ်ခါမနာရအောင် သင်ထားပါ့မယ်။ ကျေးဇူး!!!!

Anonymous said...

ဟားဟားဟား... ကျနော်ကြားဖူးတဲ့ မိအေး၂ခါနာကျတော့ တမျိုးဗျ... ဟားဟား... တော်သေးတာပေါ့ ရှမ်း အုန်းသီးရသလို မလုပ်မိတာပဲ့ ကျေးဇူးတင်ရတော့မလိုလိုပါပဲ .. မကြားဖူရင် ပြောပြမယ်... ဒီလိုဗျ တနေ့တော့ ရှမ်းကြီးတယောက်ဟာ မန္တလေးကိုဆင်းလာပြီး သူ့မှာပါတဲ့ ကုန်တွေရောင်းပြီး တောင်ပေါ်မပြန်ခင်မှာ သူလိုအပ်တာတွေ ဝယ်တာပေါ့ ဒီလိုနဲ့ အုန်းသီး၊ ငှက်ပျောသီး ရောင်းတဲ့ ဆိုင်တန်းနားရောက်တော့ ရှမ်းကြီးခမျာ ဘာသီးမှန်း မသိဘူးပေါ့၊ သူများမေးမြန်းရမှာကလဲ ရှက်သေးတာဆိုတော့၊ လူတတ်ကြီး စတိုင်နဲ့ မန္တလေး အပြန်လက်ဆောင်ဆိုပြီး ဝယ်ချသွားပါလေရော.. ဒီလိုနဲ့ ခရီးသွားရင်း ဗိုက်ဆာလာတော့၊ ခွဲစားမယ်ဆိုပြီး လုပ်ပါရော၊ မခွဲခင်မှာ သူစဉ်းစားတာက လိမ်မော်သီးလိုပဲ အခွံခွာ စားရမယ်ထင်ပြီး အခွံကိုကြိုးစား ပန်းစားခွာတာပေါ့.. ခွာလိုက်တော့ .... ဟင်... အစေ့ကကြီးလိုက်တာနော် ကြည့်ရတာ သရက်သီးလိုမျိုး အသားစားပြီး အစေ့လွင့်ပစ်ရတာနဲ့တူတယ်ဆိုပြီး အစေ့ကိုလွင့်ပစ်ပြီး အုန်းခွံတွေ ကောက်ဝါးတော့တာပေါ့.. ဝါးရင်းနဲ့ ဘာမှလဲ အရသာမရှိပါလား၊ ဖန်ခါးကြီးဆိုပြီး မြို့က ကောင်တွေ ငါ့ကို တပါတ်ရိုက်လိုက်ပြီ ထင်တယ် ဆိုပြီး ဒေါသဖြစ်ပြီး ခရီးလက်ဆက် ချီတက်သွားလေရဲ့ဗျာ...။ မှတ်ချက် ရှမ်းပြည်တွင် အုန်းပင် မရှိပါ အခုတော့ မသိပါဘူး ရှိချင် ရှိနေမှာပါ။ ဟိုးငယ်ငယ်က ကြားဖူးတဲ့ ပုံပြင်တပုဒ်ပါ။

မိုးခါး said...

:D
မိအေးလောက်တော့ မဆိုးသေးဘူးထင်တာပဲ .. :P

မြစ်ကျိုးအင်း said...

ဒီလောက်တောင် တလွဲတချော် လုပ်မှတော့ ၂ ခါ နာတော့မှာပေါ့။

ကိုလူထွေး said...

ဂလိုကြောင့် မိအေးနှစ်ခါနာတယ်လို့ ပြောတာကိုး...

းဝ)