မေမေ့အဖြေ

နယ်မြို့လေးတစ်မြို့ရဲ့ ရေနံချေးဝနေတဲ့ အိမ်မဲမဲကြီးထဲမှာ ဘဝအတွက်ရုန်းကန်နေရတဲ့မေမေနဲ့ဖေဖေရယ် သမီးသုံးယောက်ရယ် ရှိပါတယ်။ အမြဲရှပ်ပြာရှပ်ပြာနိုင်ပြီး ဖြစ်သလိုလုပ်တတ်တဲ့ သမီးကြီးဟာ တိကျသေချာတဲ့မေမေနဲ့ တွေ့တာနဲ့ အရိုက်၊ အခေါက်၊ အဆူ ခံရလေ့ရှိပါတယ်။ သူ့အချစ်ဆုံးမေမေဟာ သူ့ကိုကျန်တဲ့နှစ်ယောက်လိုမချစ်ဖူးလို့ သမီးကြီးက ငယ်ငယ်ထဲကယုံနေပါတော့တယ်။ မေမေဟာ ဖေဖေနဲ့အတူစီးပွါးလည်းရှာရသေး အိမ်တာဝန်ကလဲရှိသေးတဲ့အတွက် အငယ်ဆုံးသမီးကလေးလေးကလွဲလို့ သမီးတွေနဲ့ ရင်းရင်းနီးနီးနေချိန်မရှိခဲ့ပါဘူး။ ဒီလိုနဲ့ သမီးကြီးလဲ ဆယ်တန်းအောင် အိမ်မှာလဲအိမ်အကူမရှိတဲ့ အခြေအနေကြောင့် ကြက်သွန်တောင်မလှီးတတ်တဲ့သမီးကြီးဟာ မေမေ့ကို မီးဖိုချောင်မှာကူရပါတော့တယ်။

မေမေကိုကူရင်း မေမေနဲ့ရင်းရင်းနီးနီးနေရမှ မေမေ့ရင်ထဲကသမီးတွေအပေါ် ထားတဲ့မျှော်လင့်ချက် ဖြစ်စေချင်တဲ့စေတနာတွေကို သမီးကြီးသိရှိ နားလည်စပြုလာပါတယ်။ ဒါပေမယ့် သူ့ကိုညီမလေးတွေလောက်မချစ်ဖူးလို့ ထင်နေတုန်းပါပဲ။ တနေ့ငရုပ်သီးထောင်းရင်း သမီးကြီးမျက်စိထဲကို ငရုပ်သီးဝင်သွားပါတယ်။ တအားစပ်လို့အော်နေတဲ့သမီးကိုကြည့်ပြီး တိကျသေချာတဲ့မေမေဟာ စိုးရိမ်ကြီးစွာ ဘာလုပ်ရမှန်းမသိ မီးဖိုချောင်ကို ပတ်ပြေးနေပါတော့တယ်။ မေမေဒီလိုဖြစ်တာကို တခါမှမမြင်ဖူးတဲ့သမီးကြီးဟာ မေမေကိုကြည့်ရင်းဝမ်းသာဝမ်းနည်းနဲ့ မျက်ရည်ကျခဲ့ရပါတယ်။

မေမေ့ မေတ္တာနဲ့စိုးရိမ်မှုကိုမြင်ရတဲ့ အချိန်မှာ သမီးကြီးဟာ သူ့မျက်စိစပ်တာကို မေ့သွားခဲ့ပါတယ်။ တကယ့်ကို စပ်တာနာတာ အောင့်တာတွေကို လုံးဝမေ့သွားပြီး မခံစားရတော့တာပါ။ "အော်ငါ့မျက်စိထဲ ငရုပ်သီးဝင်တာကိုတောင် မေမေဒီလောက်စိတ်ပူနေပါလား" ဆိုတဲအတွေးနဲ့ မေမေ့ရင်ထဲကစိုးရိမ်မှုနဲ့ မေတ္တာပမာနကို ပိုမိုသိရှိလာပါတယ်။မေမေတအားစိတ်ပူနေမှန်း သိတော့ မေမေလက်ကို ကိုင်ပြီး သမီးကြီးက "မေမေ ၊သမီးဘာမှမဖြစ်ပါဘူး။ စိတ်မပူပါနဲ့" ဆိုတော့ စီးပွါးလည်းရှာ အိမ်အလုပ်လည်းလုပ်ရတဲ့ မေမေက " တော်ပြီ သမီးဘာမှမလုပ်နဲ့တော့ နောက်မေမေပဲလုပ်မယ်။ အဲဒါမျက်စိကန်းတတ်တယ်။ တခုခုဖြစ်သွားရင်ဒုက္ခ" လို့စိုးရိမ်တကြီးပြောပါတယ်။ အဲဒီအချိန်မှာ သမီးကြီးသိလိုက်ရတာ မေမေ့မေတ္တာပမာဏဟာ ဘာနဲ့မှနှိုင်းယှဉ်လို့မရအောင်ကြီးတယ် ဆိုတာပါပဲ။

အဲဒီနေ့က သမီးကြီးမျက်စိဟာရေမခပ် ဆေးမထည့်ဘဲနဲ့ အောင့်တာတောင်မကျန်ဘဲ လုံးဝကောင်းသွားခဲ့ပါတယ်။ အဲဒီနေ့ကစလို့ သမီးကြီးစိတ်ထဲမှာ ဟိုသမီးကိုပိုတယ် ဒီသမီးကိုပိုတယ် လုံးဝမရှိတော့ပါဘူး။ မေမေက သမီးသုံးယောက်ထဲမှာ သမီးကြီးကို မချစ်ဆုံးပဲလို့ ပြောလာရင်တောင် သမီးကြီးမခံစားရတော့ပါဘူး။ ညီမလေးတွေကိုလည်း မနာလိုဝန်တိုမှုကင်းပြီး အရင်ကထက်ပိုချစ်တတ်လာပါတယ်။ မေမေ့မေတ္တာဟာ သမီးကြီးကိုလုံးဝပြောင်းလဲစေခဲ့တာပါ။

အိမ်နဲ့ဝေးနေတဲ့သမီးကြီးတစ်ယောက် မေ၊ဖေ နဲ့ ညီမလေးတွေကိုလွမ်းရင်း အမြဲလူကျန်းမာ စိတ်ချမ်းသာကြပါစေလို့ ဆုတောင်းပေးနေပါတယ်။

6 comments:

Unknown said...

မိဘမေတ္တာဆိုတာ အဲလိုပဲနော်။မိဘဆိုတာကတော့ ကိုယ့်သားသမီးကို တူတူချစ်ကြာတာချည်းပဲလေ။မေမေဆိုတာ တကယ့်ကို မေတ္တာရှင် စေတနာရှင်သတ္တိရှင် တစ်ယောက်ပေါ့။မိခင်မေတ္တာလေးကို လာခံစားသွားတယ်။Cbox လေးရှိရင် ပိုကောင်းမယ်နော်။ :))
(P.S သက်တန့်ချိုဆီကနေ လိုက်လာတာပါ )

သက်တန့်ချို said...

ပို့စ်ကောင်းလေးတစ်ပုဒ်ကို ဖတ်သွားပါတယ် သမီးကြီးရေ.. ။ Cbox လေး ထားပါလား ပြီးတော့ Commment ကို pop up လုပ်လိုက်ရင် ပိုအဆင်ပြေပါတယ် ။ ဆရာလုပ်တာမဟုတ်ပါခင်ဗျာ စီဘောက်အတွက် လုပ်မရရင် ကျွန်တော့်ကိုပြောပါ thettantchocho@gmail.com ကို ဆက်သွယ်လိုက်ပါ ။း)

မိုးခေတ် said...

ကျွန်တော်လဲ လာလည်ပြီး ပို့စ်လေးဖတ်သွားပါတယ်...အမ ရေ... ကျွန်တော်လဲ အမလိုပဲ ဘလော့ဂ်လုပ်ဖြစ်တာမကြာသေးပါဘူး... စာတွေအများကြီးရေးနိုင်ပါစေဗျာ...

Anonymous said...

မိသားစု အားလုံး ကျန်းမာကြပါစေဗျာ..။ အရေးကောင်းတယ်.. နောက်ထပ် တင်လာမဲ့ စာတွေမျှော်နေပါတယ်ဗျာ...။

~ဏီလင်းညို~ said...

သမီးကြီးရေ.......
မေမေ့ကို ဒီစာလေးဖတ်ရင်း သတိရမိတယ်....။ မှန်တာပြောရရင် လွမ်းလို့မျက်ရည်ဝဲသွားတယ်...။
(ယောကျာ်းလေးလည်း မျက်ရည်ဝဲတတ်တယ်လေနော့်....း))
ခင်မင်တဲ့
ဏီလင်းညို

ကိုလူထွေး said...

ကိုယ်ဒိုင်က ဝမ်းနိလွယ်ပီး မွေးခဲ့ရဒဲ့ ကိုယ့်ရင်တွေးဒွေပဲဂိုး...

းဝ)