မိအေးနှစ်ခါနာ

"မိအေးနှစ်ခါနာဖြစ်မယ်။ မိအေးနှစ်ခါနာဖြစ်မယ်။" ဆိုပြီးလူကြီးတွေ ဆုံးမတဲ့ စကားပုံလေးရဲ့ ဇတ်လမ်းလေးပါ။

တောရွာလေးတစ်ရွာမှာ လယ်သမားမိသားစုက မွေးဖွားလာတဲ့ မိအေးဆိုတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်တဲ့။ မိဘကတော့ စာတက်ပေတက် ဖြစ်စေချင်လို့ ကျောင်းထားပေးထားပေမယ့် မိအေးကတော့ စာကို စိတ်မဝင်စားပါဘူး။ ကြိုးလဲ မကြိုးစားဘူးပေါ့။ ဒီလိုနဲ့ပဲ တစ်တန်းကို နှစ် နှစ်၊ သုံးနှစ် နှုန်းနဲ့ နေနေလိုက်တာ ငါးတန်းလည်း ရောက်ရော မိအေးတစ်ယောက် တစ်ဆယ့်ငါးနှစ် အရွယ်ရောက်လို့အပျိုကြီးဖားဖား ဖြစ်နေပါပြီ။ အတန်းတူတွေနဲ့ အသက်အများကြီး ကွာနေတဲ့ မိအေးဟာ ကျောင်းနေရတာကို ရှက်ပြီး ကျောင်းမနေချင်တော့ဘူးပေါ့။ အချို့ရွယ်တူတွေကလည်း ရည်းစားတွေဘာတွေနဲ့မို့ မိအေးလည်း စိတ်ကစားပြီး ရည်းစားလိုချင် လာပါတယ်။

ဒါနဲ့ပဲ ရည်းစားတစ်ယောက်ရလာပြီး မကြာခင်မှာပဲ ခိုးရာလိုက်ပြေး ကြလေသတည်းပေါ့။ အိမ်ထောင်သာကျသွားရော မိအေးဟာ ထမင်းအိုးတလုံး တည်တာကလွဲလို ဘာမှ မချက်တက် မပြုတ်တက်ဘူးလေ။ ကောက်စိုက် ပျိုးနှုတ် လယ်အလုပ်ကြတော့လည်း ကျောင်းသားဆိုပြီး ရေသာခိုလာတဲ့အတွက် ရွယ်တူတွေလို မတက်ဖူးပေါ့။ ကြာတော့ ယောက်ျားက လယ်အလုပ်လဲဝိုင်းမကူ ထမင်းဟင်းလည်း ကောင်းကောင်းမချက်တတ်တဲ့ မိအေးကိုဆူတော့တာပေါ့။

တနေ့ငါးသည်လာတော့ မိအေးလည်း ငါးစမ်းချက်ကြည့်မယ် လို့စိတ်ကူးရတယ်။ ငါးဟင်းချက်နည်းက ငါးသည်ကိုမေးမယ်ပေါ့။ ဒါနဲ့ ငါးသည်ကိုခေါ် ငါးဝယ်ပြီး ငါးဟင်းချက်နည်း မေးတာပေါ့။ ငါးသည်က ငါးကိုအကြေးခွံထိုး ရေယက်ခုက် ပြီးချက်လို့ပြောတာပေါ့။ မိအေးလည်း ငါးကို အဲဒီအတိုင်းလုပ်ပြီး သေချာချက်တာပေါ့။ စိတ်ထဲမှာလဲ ငါ့ကို နေ့တိုင်းဆူတဲ့ယောက်ျား ဒီတခါတော့ ဒင်းမဆူနိုင်တော့ဘူး ဆိုပြီးကြုံးဝါးနေတာပေါ့။

ယောက်ျားပြန်လာတဲ့အခါ မိအေးက ငါးဟင်းချက်တယ် လည်းဆိုရော ရေမိုးချိုးပြီး ထမင်းဝိုင်းကူပြင်ရင်း မိန်းမကို ချီးကျူးနေတာပေါ့။ ထမင်းစားလို့ ငါးဟင်းစားကြည့်တဲ့အခါ ငါးဟင်းက စားမရအောင်ကို ညှီပြီးခါးနေတာပေါ့။ယောက်ျားက "မိအေး နင့်ငါးက ညှီပြီးခါးလှချည်လား? ဘယ်လိုချက်တုန်း" ဆိုတော့ မိအေးက "ငါးသည်ကိုမေးပြီးချက်တာ"လို့ဖြေပြီး ချက်နည်းပြောပြသတဲ့။ အဲဒီတော့မှ ယောက်ျားက သေချာကြည့်တဲ့အခါ မိအေးက ငါးဗိုက်ကို မခွဲထားတာ တွေ့သတဲ့။ "မိအေး ငါးဆိုတာ ဗိုက်ခွဲချီးအိမ်ထုတ် ရတယ်။ ဒီလောက်တောင် နင်မသိဘူးလားဆိုပြီး" ဗိုက်ကဆာ စိတ်ကတိုနဲ့ ထရိုက်ပါလေရော။

နောက်နေ့ မိအေးလည်းဘာဟင်းချက်တာ လွယ်တုန်းဆိုပြီး ဘေးအိမ် မေးသတဲ့။ ဘေးအိမ်က ဘဲဥချက်။ ပြုပ်အခွံနွှာပြီး ချက်ရုံပဲလို့ အကြံပေးတယ်။ မိအေးလည်း ဘဲဥ ပြုပ်ပြီး အခွံနွှာတဲ့အခါ ဘဲဥလုံးလုံးလေးကိုကြည့်ရင်း ငါးဗိုက်ဖောင်းဖောင်းလေးကို သတိရပြီး ဒါလည်းဗိုက်ခွဲ ချီးအိမ်ထုတ်ရမှာပဲ ဆိုပြီး အလယ်ကအနှစ်တွေ ထုတ်ပစ်ပြီး ချက်ထားသတဲ့။ ယောက်ျားပြန်လာပြီး ထမင်းစားတဲ့အခါ ဘဲဥအနှစ်မတွေ့လို့ မေးတော့ ဥာဏ်ကြီးရှင်မိအေးက "ရှင်ပြောတဲ့အတိုင်း ဗိုက်ခွဲချီးအိမ်ထုတ်လုပ်ထားတယ်" လို့ဖြေတာပေါ့။ ယောက်ျားလည်း "ဟင်!ဒီလောက်တောင် အသုံးမကျမိန်းမ၊ ဘဲဥကိုချီးထုတ်ရသလား" ဆိုပြီးပိုရိုက်တော့တာပေါ့။

ဒါကြောင့် လူကြီးတွေက မိန်းကလေးတွေကို "အိမ်မှုကိစ္စတတ်အောင်သင်။ တော်ကြာယောက်ျားရမှ မိအေးနှစ်ခါနာဖြစ်နေမယ်။" ဆိုပြီးဆုံးမကြတာပါ။

မေမေ့အဖြေ

နယ်မြို့လေးတစ်မြို့ရဲ့ ရေနံချေးဝနေတဲ့ အိမ်မဲမဲကြီးထဲမှာ ဘဝအတွက်ရုန်းကန်နေရတဲ့မေမေနဲ့ဖေဖေရယ် သမီးသုံးယောက်ရယ် ရှိပါတယ်။ အမြဲရှပ်ပြာရှပ်ပြာနိုင်ပြီး ဖြစ်သလိုလုပ်တတ်တဲ့ သမီးကြီးဟာ တိကျသေချာတဲ့မေမေနဲ့ တွေ့တာနဲ့ အရိုက်၊ အခေါက်၊ အဆူ ခံရလေ့ရှိပါတယ်။ သူ့အချစ်ဆုံးမေမေဟာ သူ့ကိုကျန်တဲ့နှစ်ယောက်လိုမချစ်ဖူးလို့ သမီးကြီးက ငယ်ငယ်ထဲကယုံနေပါတော့တယ်။ မေမေဟာ ဖေဖေနဲ့အတူစီးပွါးလည်းရှာရသေး အိမ်တာဝန်ကလဲရှိသေးတဲ့အတွက် အငယ်ဆုံးသမီးကလေးလေးကလွဲလို့ သမီးတွေနဲ့ ရင်းရင်းနီးနီးနေချိန်မရှိခဲ့ပါဘူး။ ဒီလိုနဲ့ သမီးကြီးလဲ ဆယ်တန်းအောင် အိမ်မှာလဲအိမ်အကူမရှိတဲ့ အခြေအနေကြောင့် ကြက်သွန်တောင်မလှီးတတ်တဲ့သမီးကြီးဟာ မေမေ့ကို မီးဖိုချောင်မှာကူရပါတော့တယ်။

မေမေကိုကူရင်း မေမေနဲ့ရင်းရင်းနီးနီးနေရမှ မေမေ့ရင်ထဲကသမီးတွေအပေါ် ထားတဲ့မျှော်လင့်ချက် ဖြစ်စေချင်တဲ့စေတနာတွေကို သမီးကြီးသိရှိ နားလည်စပြုလာပါတယ်။ ဒါပေမယ့် သူ့ကိုညီမလေးတွေလောက်မချစ်ဖူးလို့ ထင်နေတုန်းပါပဲ။ တနေ့ငရုပ်သီးထောင်းရင်း သမီးကြီးမျက်စိထဲကို ငရုပ်သီးဝင်သွားပါတယ်။ တအားစပ်လို့အော်နေတဲ့သမီးကိုကြည့်ပြီး တိကျသေချာတဲ့မေမေဟာ စိုးရိမ်ကြီးစွာ ဘာလုပ်ရမှန်းမသိ မီးဖိုချောင်ကို ပတ်ပြေးနေပါတော့တယ်။ မေမေဒီလိုဖြစ်တာကို တခါမှမမြင်ဖူးတဲ့သမီးကြီးဟာ မေမေကိုကြည့်ရင်းဝမ်းသာဝမ်းနည်းနဲ့ မျက်ရည်ကျခဲ့ရပါတယ်။

မေမေ့ မေတ္တာနဲ့စိုးရိမ်မှုကိုမြင်ရတဲ့ အချိန်မှာ သမီးကြီးဟာ သူ့မျက်စိစပ်တာကို မေ့သွားခဲ့ပါတယ်။ တကယ့်ကို စပ်တာနာတာ အောင့်တာတွေကို လုံးဝမေ့သွားပြီး မခံစားရတော့တာပါ။ "အော်ငါ့မျက်စိထဲ ငရုပ်သီးဝင်တာကိုတောင် မေမေဒီလောက်စိတ်ပူနေပါလား" ဆိုတဲအတွေးနဲ့ မေမေ့ရင်ထဲကစိုးရိမ်မှုနဲ့ မေတ္တာပမာနကို ပိုမိုသိရှိလာပါတယ်။မေမေတအားစိတ်ပူနေမှန်း သိတော့ မေမေလက်ကို ကိုင်ပြီး သမီးကြီးက "မေမေ ၊သမီးဘာမှမဖြစ်ပါဘူး။ စိတ်မပူပါနဲ့" ဆိုတော့ စီးပွါးလည်းရှာ အိမ်အလုပ်လည်းလုပ်ရတဲ့ မေမေက " တော်ပြီ သမီးဘာမှမလုပ်နဲ့တော့ နောက်မေမေပဲလုပ်မယ်။ အဲဒါမျက်စိကန်းတတ်တယ်။ တခုခုဖြစ်သွားရင်ဒုက္ခ" လို့စိုးရိမ်တကြီးပြောပါတယ်။ အဲဒီအချိန်မှာ သမီးကြီးသိလိုက်ရတာ မေမေ့မေတ္တာပမာဏဟာ ဘာနဲ့မှနှိုင်းယှဉ်လို့မရအောင်ကြီးတယ် ဆိုတာပါပဲ။

အဲဒီနေ့က သမီးကြီးမျက်စိဟာရေမခပ် ဆေးမထည့်ဘဲနဲ့ အောင့်တာတောင်မကျန်ဘဲ လုံးဝကောင်းသွားခဲ့ပါတယ်။ အဲဒီနေ့ကစလို့ သမီးကြီးစိတ်ထဲမှာ ဟိုသမီးကိုပိုတယ် ဒီသမီးကိုပိုတယ် လုံးဝမရှိတော့ပါဘူး။ မေမေက သမီးသုံးယောက်ထဲမှာ သမီးကြီးကို မချစ်ဆုံးပဲလို့ ပြောလာရင်တောင် သမီးကြီးမခံစားရတော့ပါဘူး။ ညီမလေးတွေကိုလည်း မနာလိုဝန်တိုမှုကင်းပြီး အရင်ကထက်ပိုချစ်တတ်လာပါတယ်။ မေမေ့မေတ္တာဟာ သမီးကြီးကိုလုံးဝပြောင်းလဲစေခဲ့တာပါ။

အိမ်နဲ့ဝေးနေတဲ့သမီးကြီးတစ်ယောက် မေ၊ဖေ နဲ့ ညီမလေးတွေကိုလွမ်းရင်း အမြဲလူကျန်းမာ စိတ်ချမ်းသာကြပါစေလို့ ဆုတောင်းပေးနေပါတယ်။