ဟိုးလွန်ခဲ့တဲ့ (၈) နှစ်ကဒီနေ့

ဟိုးလွန်ခဲ့တဲ့ (၈) နှစ်တုန်းက.......
ဧရာဝတီမြစ်ကမ်းဘေးက ပြည်မြို့လေးကို ငပလီကနေ ဒီနေ့အရောက် သူပြန်လာခဲ့တယ်။ ကားလက်မှတ်မရလို့ သူငယ်ချင်းတွေ တားနေတဲ့ကြားက ငါးခြောက်တင်တဲ့ကားကိုစီးပြီး သူ မရောက် ရောက်အောင်ပြန်လာခဲ့တယ်။ တစ်ညလုံးမအိပ်ရပေမယ့် သူ့မျက်နှာက မျှော်လင့်ချက်ရောင်ခြည်တွေ အပြည့်နဲ့ တက်ကြွလန်းဆန်းနေပါတယ်။ ငါးခြောက်နံ့ရယ်၊ ကြမ်းတမ်းတဲ့ငပလီလမ်းရယ်၊ သက်တောင့်သက်သာမရှိတဲ့ခုံရယ် သာရှိတဲ့အမှောင်ညကို သူဖြတ်သန်းနေချိန်မှာ သူချစ်တဲ့ကောင်မလေးက နွေးထွေးတဲ့အိပ်ရာလေးမှာ နှစ်ခြိုက်စွာ အိပ်မောကျနေပါစေလို့ သူဆုတောင်းရင်း လွမ်းနေပါတယ်။ သူပျော်ရမှာလား ကောင်မလေးရေ.....

ဒီနေ့မရောက်ခင်ညမှာတော့ ကောင်မလေးတယောက် အဆောင်အခန်းကျဉ်းလေးထဲက ကုတင်ပေါ်မှာ အိပ်မရဘဲ စဉ်းစားရင်း စိတ်တိုပြီး အလိုမကျ ဖြစ်နေပါတယ်။ သူ ဘာလို့ဖုန်းမဆက်တာလဲ...? ပြန်မလာဖြစ်ဘူး ဆိုရင်တောင် ဖုန်းတော့ ဆက်ရမှာပေါ့။ ဒီနေ့နေ့စွဲကိုတော့ သူ မမေ့လောက်ပါဘူး။ သူ့စိတ်ထဲမှာ ငါဟာ အလေးအနက်မရှိဘူးလား...? စတဲ့လားပေါင်းများစွာနဲ့ သူမ အိပ်ပျက်လို့ ညဉ့်နက် နေပါတယ်။ ဖြေသူမရှိတဲ့ မေးခွန်းတွေကို တစ်ယောက်ထဲမေးရင်း သူမ မိုးလင်းခါနီးမှ အိပ်ရခဲ့ပါတယ်။

ရင်းနှီးနေတဲ့ ဆိုင်ကယ်ဟွန်းသံတတီတီက အိပ်မက်ထဲအထိ သူမကို လိုက်နှောင့်ယှက်နေပါလား။ အိပ်တစ်ဝက်နိုးတစ်ဝက်နဲ့ သူမ အိပ်မက်မက်ပြန်ပြီပေါ့.... ဟွန်းသံနဲ့အတူ သူ့ခေါ်သံပါ ထပ်ကြားရတဲ့အခါ အိပ်မက်မဟုတ်ဘူးလို့ ထင်လာတယ်။ မျှော်လင့်ချက်နဲ့သူမ နားစွင့်မိတယ်။ သူ ပြန်ရောက်နေတာလား..?။ နိုးနေပြီ ဖြစ်တဲ့သူမ ဟွန်းသံကို နောက်တခေါက် ကြားချိန်မှာတော့ ပြတင်းတခါးကို ဟကြည့်လိုက်မိတယ်။ ဆိုင်ကယ်တစ်စီးရဲ့ဘေးမှာ သူမတွေ့ချင်နေတဲ့ လူတစ်ယောက်ကို မြင်လိုက်ရတယ်။

မြူတွေဆိုင်းနေတဲ့ ဒီနေ့မှာ ကောင်လေးနဲ့ ကောင်မလေးတို့ ဆိုင်ကယ်တစ်စီးနဲ့ ဧရာဝတီရင်ခွင်ထက်က နဝဒေးတံတားကို ဖြတ်ကျော်ပြီး ရွှေဘုံသာမုနိဘုရားရဲ့ လှေခါးရင်းတွေဆီကို ဦးတည်သွားခဲ့ကြတယ်။ ကောင်မလေးရဲ့ အဖြေမရှိတဲ့ မေးခွန်းတွေဟာ ကောင်လေးရဲ့ ပင်ပန်းမှုတွေနဲ့ အတူလေထဲမှာ လွင့်ပါသွားကြတယ်။ အဲဒီအချိန်မှာ ကျန်နေတာက ကြည်နူးရင်ခုန်နေတဲ့ နှလုံးသားတစ်စုံပေါ့။

ဒီလိုနဲ့ရွှေဘုံသာမုနိဘုရားရဲ့ လှေခါးရင်းတွေပေါ်မှာ မြူတွေကြားက မြင်ရတဲ့ဧရာဝတီမြစ်ကြီးနဲ့ နဝဒေးတံတားကြီးကို သက်သေထားလို့ နှလုံးသားတစ်စုံဟာ နားလည်မှုရပြီးချစ်ခြင်းတွေကိုဖလှယ်ခဲ့ကြတယ်။ တန်ခိုးကြီးတဲ့ ရွှေဘုံသာမုနိဘုရားကို အတူဖူးရင်း နောင်နှစ်ပေါင်းများစွာအတွက် မျှော်လင့်ချက်တွေကို ဆုအဖြစ်ပန်ခဲ့ကြတယ်။ ဧရာဝတီမြစ်ကမ်းနဖူးက သစ်ပင်လေးအောက်မှာ သောင်ထွန်းနေတဲ့ ဧရာဝတီမြစ်ကြီးရယ် ဟိုဘက်ကမ်းကလှပတဲ့  ပြည်မြို့လေးရယ်ကို ကြည့်ရင်း အပြုံးတွေဖလှယ်လို့ စကားတွေဖောင်ဖွဲ့ ခဲ့ကြတယ်။ ရင်အခုန်မြန်နေတဲ့ နှလုံးသားတွေကိုထိန်းရင်း၊ ရှက်ရွံ့နေတဲ့ မျက်ဝန်းတစ်စုံဟာ ပျော်ရွှင်နေတဲ့ မျက်ဝန်းတစ်စုံကို ရှောင်ရှားရင်း နဲ့ပဲ ရင်းနှီးနားလည်မှုတွေ နှလုံးသားတွေထဲကို စိမ့်ဝင်စီးဆင်းလာတာ သိခဲ့ရတယ်။

အဲဒီနေ့ကစလို့ သူတို့နှစ်ယောက် မျှော်လင့်ချက်အိမ်ကလေးကို တည်ဆောက်ရင်း အဲဒီအရောက် ယုံကြည်မှုတွေနဲ့အတူလမ်း ဖောက်ခဲ့ကြတယ်။ အဲဒီနေ့ဟာ(၈)နှစ်ဆိုတဲ့ကာလကို ဖြတ်ကျော်ပြီး ဒီနေ့တစ်ခေါက် ရောက်လာခဲ့ပြန်ပါပြီ။ အမိမြေမှာရှိမနေတဲ့  ကောင်လေးနဲ့ ကောင်မလေးက အမိမြေကို တမ်းတရင်း ပြန်လွမ်းနေဆဲပါ ဧရာဝတီမြစ်ကြီးရေ။ ဆုတောင်းတွေပြည့်ခဲ့တဲ့ ရွှေဘုံသာမုနိဘုရားကြီးကို နောက်ထပ်ဖူးခွင့်လည်း မျှော်လင့်နေဆဲပါ။

12 comments:

KO KO said...

သူများတွေသိကုန်ပြီ :P

Anonymous said...

အမိမြေကိုပြန်ရောက်မှာပါလေ.... မနက်ဖြန်သို့မဟုတ် ဘယ်သောအခါပေါ့နော်..။

မိုးခေတ် said...

ဖြတ်သန်းခဲ့တဲ့ (၈)နှစ် ကာလရယ်..
သားသားလေး တစ်ယောက်ရယ်...
ခိုင်မာမြဲမြံတဲ့ အချစ်တွေရယ် နဲ့...
နောင်နှစ်ပေါင်းများစွာထိ ပျော်ပျော်ရွှင်ရွှင် ကျော်ဖြတ်သွားနိုင်ကြပါစေ...အစ်မ ရေ...။
(*စာရေးကောင်းတယ်)

Unknown said...

ကျေးဇူးတင်ထိုက်သူများကို မမေ့သင့်ပါ။

မိုးခါး said...

:)
မျှော်လင့်ချက်တွေ အမြန်ဆုံး ပြည့်ဝပါစေး)

သမီးကြီး said...

comment တွေပျောက်ကုန်တယ်။ ဘာလို့လဲမသိဘူး။ သိတဲ့သူရှိရင်ကူညီပါအုန်းနော်။

ဝက်ဝံလေး said...

comment ကို moderate လုပ်ထားလား setting မှာတချက်ပြန်စစ်ကြည့်ပါ အမ
လာလည်ပါသည် စာဖတ်သွားပါသည်နော်

အိမ်ကိုလာတဲ့အတွက်လဲ ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့ အာဘွားးးးးးး ဟိဟိ

မြစ်ကျိုးအင်း said...

သမီးကြီး ဘလော့အတွက် ပထမဆုံး မန့်တဲ့ ကွန်မန့်လေးပါ။

မြစ်ကျိုးအင်း said...

အမိမြေမှာ မရှိနေပေမယ့် အတူတူရှိခွင့် ရနေတာလည်း စိတ်ချမ်းမြေ့မှု တစ်ခုပါပဲ။ အမိမြေက အချိန်တိုင်း စောင့်ကြိုနေမှာပါ။
အဆင်ပြေစွာ ပြန်ခွင့်ရတဲ့ အချိန်လေး ရှိလာအုံးမှာပါနော်။

~ဏီလင်းညို~ said...

သမီးကြီးရေ......
တစ်ချိန်ကျရင် အမိမြေကို ပြန်ရတဲ့အခါ....... အစစ အဆင်ပြေပါစေနော်ဗျာ....။
ထိပ်ဆုံးကတစ်ယောက်ပြောသွားသလိုပဲပြောလိုက်ဦးမယ်.....။
(ပေါ်ကုန်ပြီတဲ့...........။ ဇာတ်လမ်းဒွေ............း))
ခင်မင်တဲ့
ဏီလင်းညို

Daxs said...

I hate that city now

Ur Uncle

ကိုလူထွေး said...

ဘုရားဖူးရင်း ကြည်ကြည်နူးနူး လိပ်ဥလည်း တူးခဲ့ကြသည်တဲ့လား...

းဝ)