မေမေ့ဆန္ဒ သားသားဘဝလမ်း

ကလေးရေ
လက်ညိုးထိုးလို့သတ်ဖြတ် အဖြစ်ဆိုး ဆိုးပြီးအသက်ထွက်နေတဲ့
သတ္တဝါတွေရဲ့ အသွေးအသားမှ အားဖြစ်မယ်ဆိုရင်တော့
မစားဘဲနဲ့နေ သေရတာကမြတ်လိမ့်မယ် ။

ငိုကြွေးနေတဲ့ သူများမျက်ရည်တစ်စက်ကမှ
ကိုယ့်အတွက် ဟင်းတစ်ခွက်ဖြစ်မယ်ဆိုရင်တော့
ဆားနဲ့ပဲစားရတာ မြတ်လိမ့်မယ် ။

မိဘဘိုးဘွား ညီအစ်ကိုမောင်နှမအရှက်ရမှ
ကိုယ့်အတွက်အမြတ်ထွက်မယ်ဆိုရင်တော့
အရှုံးကိုပဲပိုက်ခဲ့တာကမှ မြတ်လိမ့်မယ် ။

မွေးတဲ့မြေ သောက်တဲ့ရေ နေတဲ့မြေကြီး
အသီးသီးကို အရင်းအနှီးလုပ်ပါမှ
မင်းဘဝလှပ ခမ်းနားရမယ်ဆိုရင်
အကျည်တန်ရုပ်ဆိုး လူတောမတိုးတဲ့ဘဝနဲ့နေ
ထိုအခြေအနေက ပိုမြတ်လိမ့်မယ် ။

ဘာသာ သာသနာ ရတနာသုံးပါး
ပြစ်မှားပါမှ ပျော်ရွှင်သွားရမယ်ဆိုရင်
တစ်သတ်လုံးငို မျက်ရည်စိုနေတာကမှ မြတ်လိမ့်မယ် ။

သူများကိုနင်း ခင်းထားတဲ့လမ်းကိုလျှောက်မှ
လိုချင်တဲ့ခရီးကို ရောက်ခဲ့မယ်ဆိုရင်
ဒီခရီးကိုမရွေးချယ် ဖယ်နေခဲ့ခြင်းဟာ
မင်းအတွက်စိတ်ရှင်း သောကကင်းလိမ့်မယ် ။

ရက်စက်ခြင်းဟာ ရဲရင့်ခြင်းမဟုတ်သလို
ကြင်နာခြင်းဟာလည်း ပျော့ညံ့ခြင်းမဟုတ်ခဲ့ဘူး
ကြင်နာခြင်းကို ရွေးချယ်ခဲ့မိတဲ့အတွက်
ပျော့ညံ့တဲ့လူလို့ ဘေးဖယ်ခံရရင်တောင်
ယုံကြည်မှုကို မစွန့်ပယ်ပါနဲ့ ။

ဘဝတစ်ခုစာအတွက် တစ်သံသရာလုံးနဲ့
ရင်းနေနိုင်တဲ့ အသိခေါက်ခက် အဝင်နက်
ယုတ်ညံ့သိမ်ဖျင်းတဲ့ စိတ်ဓါတ်မျိုး
အိမ်မက်နဲ့တောင် အစမပျိုးမိစေနဲ့ ။

ကြင်နာသနား မေတ္တာထားလို့
ကိုယ်ချင်းစာစိတ် အပြည့် အသိပ်နဲ့
လူကောင်းလူမွန် လူထူးချွန်တစ်ယောက်အဖြစ်
မေမေမြင်ပါရစေကွယ် ။

သတိနဲ့အသိ အစဉ်ရှိလို့
မေ့သားလေးလျှောက်တဲ့လမ်း နောင်တကင်းစင်
အမြဲပျော်ရွှင်နိုင်ပါစေ ။ ။

သားသားအပေါ်ထားတဲ့ ကျွန်မရင်ထဲက ဖြစ်စေချင်တဲ့ ဆန္ဒလေးတွေပါ။ သူ့မွေးနေ့ ဖေဖော်ဝါရီ တစ်ဆယ့်လေးရက်နေ့ က ရေးထားတာပါ။ လေးနှစ်ပြည့် မွေးနေ့လက်ဆောင် အနေနဲ့ပေါ့။

8 comments:

သက်တန့်ချို said...

ကဗျာလေးက အရမ်းထိထိမိမိရှိတယ် ။ အစ်မကဗျာရေး အရမ်းတော်တယ် ။

ရက်စက်ခြင်းဟာ ရဲရင့်ခြင်းမဟုတ်သလို
ကြင်နာခြင်းဟာလည်း ပျော့ညံ့ခြင်းမဟုတ်ခဲ့ဘူး
ကြင်နာခြင်းကို ရွေးချယ်ခဲ့မိတဲ့အတွက်
ပျော့ညံ့တဲ့လူလို့ ဘေးဖယ်ခံရရင်တောင်
ယုံကြည်မှုကို မစွန့်ပယ်ပါနဲ့ ။

စာသားလေးကို ကြိုက်တယ်အစ်မရေ... နောက်လည်း ဒီလို ကဗျာလေးတွေရေးပါဦးနော် ဖတ်မ၀လို့း)

~ဏီလင်းညို~ said...

သမီးကြီးရေ....
သားသားအတွက်ရေးထားတဲ့ ကဗျာလေးပေမယ့် ဖတ်ရတာ ကောင်းတယ်....။
ကိုသက်တန့်ပြောသွားသလိုပါပဲ....။
ကြင်နာခြင်းဟာ... ပျော့ညံ့ခြင်းမဟုတ်.... ဆိုတာလေးကို နှစ်သက်မိတယ်...။
သားလိမ္မာလေးနှင့် ပျော်ရွှင်စရာမိသားစုဘ၀လေးကို ပိုင်ဆိုင်သွားနိုင်ပါစေဗျာ....။
(အလုပ်မအားလို့ဗျာ....း))
ခင်မင်တဲ့
ဏီလင်းညို

ဝက်ဝံလေး said...

မမသမီးကြီးရေ သမီးရောက်တယ်နော် မ ရဲ့ ကဗျာလေးကို လာခံစားသွားပါတယ်နော် သမီးကတော့ ကဗျာမစပ်တတ်တော့ စပ်တတ်တဲ့လူတွေကိုပဲ အားကျနေရတာ ကောင်းတယ် အမ ရေ

ကိုလူထွေး said...

တကမ္ဘာလုံးက သူ့မွေးနေ့ကို ကျင်းပပေးနေတယ်ဆိုတာကို သိတတ်တဲ့အရွယ်ရောက်ရင် သားလေးလဲ ကဗျာထဲကလို လူကောင်းလူမွန် လူချွန်တယောက် တကယ်ဖြစ်လောက်လာမယ်ဆိုတာ ယုံကြည်ပါတယ်...

ဒီလိုမိဘက ဖေးမနေမှကိုး...

းဝ)

KO KO said...

Feeling of a parent (For Valentino)
If you think you can get strength of living only from
Eating flesh of the animals that you picked &
Which is being slaughtered badly
Rather let you die with hanger then
If you think you can get a dish of curry only from
Seeing tears of the people that you troubled &
Who is being cried badly
Rather let you eat with salt then
If you think you can get the profit of life only from
Enjoying feeling of the people that you disgraced &
Who is being shamed badly
Rather let you live with loss then
If you think you can get better living of live only from
Neglecting resources of the country that you were born &
Which is being abused badly
Rather let you live as nobody then
If you think you can get happier living of live only from
Not complying teaching of the religion that you followed &
Which is being disregarded badly
Rather let you live with tears then
If you think you can achieve the targets of yours only from
Stepping on the future of the people that you dealt &
Who is being struggled badly
Rather let you achieving no targets then
Brutality is not the bravery
Compassion is not the weakness
Even being oust because of the compassion
Rather let you live with believe then
Will not let you invest the whole sansara for the good of this life
Will not let you even dream off
Wanting to see the compassionate
Sympathetic, brave and caring of others
Walk on with attention and caution
Be happy to live unregretful life.

(pardon me for grammar and rhymes) (translated by http://mrmarga.blogspot.com)

သမီးကြီး said...

translated by Tine's Father
ကြော်ငြာတာ ကြော်ငြာတာ :P

သားသားဖေဖေဦးကိုကို...
ကဗျာခေါင်းစဉ်မှာ မေမေ့ဆန္ဒ လို့ရေးထားတာကို parent ဆိုပြီး သူပါအောင်ရေးသွားတာ ကိုသိပါတယ်နော်...ဟွန်း

မြစ်ကျိုးအင်း said...

ကဗျာလေးနဲ့ မိခင်ရဲ့ မေတ္တာကို ဖော်ညွှန်းထား တာသိပ်ကောင်းတာပဲ။ ကျွန်တော့်မေမေလည်း ဒီလိုမျိုး တွေးခဲ့မှာပဲနော်။ မေမေ့ကို လွမ်းမိတယ်။

အမသားလေးလည်း လူတော်လူကောင်းလေး ဖြစ်မှာပါ။ ငယ်စဉ်ထဲက မိဘရဲ့ မေတ္တာနဲ့ ညွှန်ပြ ထားတာတွေက အံ့မခန်းဘဲ မဟုတ်လား

Sein Lyan Tun said...

သားအတွက် အားရှိစေတဲ့ စကားနဲ့ ဆုံးမထားတဲ့ကဗျာ


အရွယ်နဲ့မဆိုင်ဘူး... သားသမီးဖြစ်သူတိုင်း ဒီကဗျာလေးကို ဖတ်ရင်းနဲ့ မိဘကို မျက်စိထဲမြင်ယောင်မိကြမှာပါ..။။

ကျန်းမာလိမ္မာသော သားကောင်းရတနာ ဖြစ်ပါစေလို့ ဆုတောင်းရင်း